Saturday, February 2, 2013

နောက်ကျော


လက်ထဲမှာ ကိုင်ထားတဲ့
ပစ္စုပ္ပန် ပြန်ကြည့်လိုက်တော့
အတုကြီး……။

ရေမွန် ပြောခဲ့တဲ့ နောက်ကျောကဓားတွေရဲ့
အနက်တွေကို ဘာသာပြန်မှားရင်းနဲ့
ကျုပ် ညတွေ အကျည်းတန်ခဲ့..

သီအိုရီဆန်ဆန် လူသားဆန်မှုတွေကြား
မှန်(တိုင်း) အမှားတွေ ဖြစ်
ဝမ်းတစ်ထွာအတွက်
ကျုပ်တို့ အိပ်မက်တွေ ရေစုန်မျောခဲ့တာ
ကိုဒီလူရေ ကျနော် “ဟိုက်” လို့ပဲ ပြောပါရစေ။

ခေါင်းပုံ ဖြတ်ခံရတဲ့  ကဗျာဆရာ
ယုံကြည်ရာလျှောက်ခဲ့ပေမယ့်
အဆုံးသာဒ် မလှတော့ လဲ
ဒီကွေ့မှာ ဟိုတက်နဲ့ လှော်ပြီး
ဟိုကွေ့မှာ ဒီတက်နဲ့ လှော်ခဲ့တာ
စစ်ကိုင်းတောင် မှုန်ပြပြနဲ့ ကျန်ခဲ့ပေါ့…။

ကားတွေရှုပ်လွန်းတဲ့
လှည်းတန်းလမ်းမကြီး အိပ်ပျော်နေတဲ့ ခဏ
မြတ်သူရေ ငါတို့ စကားလုံးတွေ ပေါက်ကွဲခဲ့တယ်
အဲ့ဒီည က
ကြယ်တွေတောင် ငိုကြွေးခဲ့မလားပဲ..။

ကိုညီထွဋ်ကတော့ မင်းတစ်ယောက်ထဲမဟုတ်ဘူးတဲ့
ဟုတ်ကဲ့ တစ်ယောက်ထဲတော့မဟုတ်ပါဘူး
နောက်ကို ကြည့်လိုက်တော့ ကျောပဲ ရှိတော့တာပါ

မာနတရားအကြောင်း
မြို့ပြရဲ့ မာကျူရီည အကြောင်း
စင်သီယာ အိပ်မက်တွေ
မိုးရေစက်တွေကြား
မင်းခိုင်မြဲရဲ့ ကြေကွဲသံတွေ
မြတ်သူရဲ့ မာရီယာရင်ခုန်မှုက ညီမလေးဆီ
ရောက်သွားတာတွေ
Performance Arts ဆန်ဆန် မျောလွင့်လို့
အဲ့ဒါ
ခပ်ညံညံ ကဗျာဆရာတွေရဲ့
နောက်ကျောပါပဲလေ……


                             မုတ်သုံ

ဘောင်ခတ်ခြင်းမှ ကင်းလွတ်ခြင်း

ကျုပ်တို့ ကဗျာတွေ ဘောင်ခတ်ခံရတဲ့ည
ကောင်းကင်တွေတောင် တ၀ုန်းဝုန်း ကြွေခဲ့တယ်
ခေတ်ကြီးတစ်ခုလုံးအကြောပေးထားလိုက်ချင်တယ် ....
သတင်းနဲ့နည်းပညာ ခေတ်ကြီးပြီးရင်
ကဗျာခေတ်ကြီး မလာဘူးလို့ဘယ်သူပြောနိုင်မလဲ ....
ကဲ ကျောပဲ ရှိတဲ့နောက်
ပုံပျက်နေတဲ့ ခေတ်ကြီးကို ကျောခင်းရင်း
ပြတင်းပေါက်ကငေးကြည့်လိုက်မယ်..
.အဲ့ဒါ ပန်းခေတ်က လမင်းတော့ မဖြစ် နိုင်လောက်ဘူး
ပျော်ရွှင်ရပါရဲ့ 
အချစ်ဆုံးတွေကို ခေတ္တမေ့ ထားပြီး
အခင်ရဆုံးတွေ ရဲ့ ရှေ့ ချပြကြ
အနုပညာ ...
အမြဲကုစားရ ဘ၀ဝေဒနာတွေ
ငါတို့ ရဲ့ ဝိုင်းက ဒီမှာပဲ စည်စည်ကားကားပါလား....။
အဲ့ဒါ ဘ၀ တစ်ခုပါ
မနောဟရီရဲ့ ပန်းလှေ လမ်းခွဲ
မညီမျှလိုက်ရတဲ့ နက္ခတ်ရစ်သမ်
နောက်ဆုံးကုန်ကုန် ပြောရရင်
ဂျစ်ပစီတစ်ယောက်ရဲ့ ရင်ကွဲ ပက်လက် လမ်းဆုံမှာ
ကဗျာတွေ အပြိုင်အဆိုင် ဖူးနေပါလိမ့်မယ်
ဖျာတစ်ချပ်ပေါ်က ငရဲကိုသိခဲ့ပြီ
ဖိနပ်တစ်ရံပေါ်က ငရဲကိုသိခဲ့ပြီ
တိုက်လှလှပေါ်က ငရဲတစ်ချို့
ကားလှလှပေါ်က မည်းညစ်မှုတွေကြား
ငါတို့ ကဗျာလေးဖြူစင်ပါတယ်


မုတ်သုံ/ရွက်ကြွေ

ကမ္ဘာဟောင်းကြီးပျက်မဲ့နေ့


ကဲ ကျုပ်တို့ ကမ္ဘာဟောင်းကြီး ပြောင်းတော့မယ်
ငလျင်တွေလှုပ် ရေတွေကြီး မီးတွေလောင်
မျိုးကြီးပြောသလိုပေါ့
ကျုပ်တို့ ကမ္ဘာကြီးနှာစေးစပြုနေပါပီ

ဘာတွေပြောင်းလဲသင့်လဲ
ကျုပ်တို့လောဘ
ကျုပ်တို့ဒေါသ
ကျုပ်တို့ မောဟ
ကျုပ်တို့ မာန်
ကျုပ်တို့မာန
ဘာပဲဖြစ်ဖြစ် လူကြောင့်ဖြစ်တဲ့ ဝေဒနာတွေနဲ့
ငါတို့ကမ္ဘာကြီး အိပ်မက်တွေပျောက်ဆုံးတော့မယ်
စစ်ပွဲတွေရပ်ဖို့ တောင်းဆိုမလား
ဆုတောင်းသံတွေနဲ့ ငြိမ်သက်စေမလား
တကယ်တော့ ကျုပ်တို့ကမ္ဘာဟောင်းကြီးမှာ
ကြယ်အသေတွေကြွေခဲ့ပြီးပြီလေ…..

ဖောက်ပြန်တတ်တဲ့သဘောတွေနဲ့
ကျုပ်တို့ ကမ္ဘာဟောင်းကြီိးပျက်ခဲ့ပြီဆိုပါစို့

ကမ္ဘာသစ်ထဲမှာ ကဗျာတွေ ပွင့်လန်းနိုင်ပါ့မလား
အရှေ့မြို့ရိုးမှာရော  မိုးတွေရွာပါ့မလား
မရေရာခြင်းတွေ ပွေ့ဖက် စမ်းတ၀ါးဝါး နဲ့
ကျုပ်တို့မျက်ကန်းတစ္ဆေ မကြောက်ဖြစ်ရမှာလားး

ထားလိုက်ပါ ဘာပဲဖြစ်ဖြစ်
ကျုပ်ကတော့သေရင်သေ
ကဗျာတွေ အပြိုင်းအရိုင်းပွင့်တဲ့
ကမ္ဘာဟောင်းကြီးမှာပဲ ပျော်မွေ့တယ်………။


                                                          မုတ်သုံ
                                                      21.12.2012