Friday, October 28, 2011

တေလေတစ်ကောင်ရဲ့ မိုးလေ၀သ



သူပိုင်တဲ့ ကမ္ဘာလေးက
တကယ်တော့ ကျဉ်းကျဉ်းလေးပါ
ဂစ်တာတစ်လက်ရယ်
တ၀က်တစ်ပျက် ရေးလက်စ
သံစဉ်အပိုင်းတစ်စတစ်ချို့ရယ်
အရက်ခွက်တစ်ချို့
Wanted ရဲ့ အခွေကာဗာတို့ က
အနုပညာဆန်ဆန် ပျံ့ကျဲလို့
အဲ့လိုနဲ့ ငြီးငွေ့ဖွယ်
လူနေမှုကနေ သူခဏပြေးထွက်လိုက်တယ်
ဟုတ်တယ်လေ
ဟုတ်ကဲ့လိုပြောတတ်တိုင်း
လူယဉ်ကျေးမှမဟုတ်တာ
အဲ့လိုနဲ့ မှုန်ပြပြအခန်းထဲ က ထွက်လိုက်တော့
ဇာတ်လမ်းဆန်ဆန် တွေ့လိုက်ရတာကတော့
နှုတ်ခမ်းဆေးမဆိုးတတ်တဲ့
မရဏဖွားမလေးပါပဲ
ဆံပင်ကပိုကရိုနဲ့ နှုတ်ခမ်းဆေးမဆိုးထားတဲ့
ပုံလေးကြောင့်
တေလေကနေ ကမ္ဘာဦးလူသားဖြစ်သွားပေါ့
နောက်တော့
ခွဲခွာနှုတ်ဆက်ဖို့ အသင့် အနေအထားပါပဲ
အဲ့ဒါကြောင့်
လောကဓံတရား ၈ ပါးကို
နောက် တစ်ပါး ထပ်တိုးရင်
အဲ့ဒါ ငါကလွဲပြီး
ဘယ်သူဖြစ်နိုင်ဦးမလဲလေ……………။


                                                မုတ်သုံ

Thursday, October 27, 2011

အချိုးကျခြင်း



မင်းကောင်လေးနဲ့
အဆင်ပြေရဲ့လား နမ်မီးဆစ်ရေ
ငါကတော့ မင်းပစ်ချခဲ့တဲ့
အလွမ်းဆိုတဲ့ လမ်းဟောင်းထဲ
နေသားတကျပါပဲလေ
လမ်းခွဲခြင်းဆိုတာ
တကယ်တော့ အနုပညာတစ်ရပ်
မဟုတ်ခဲ့ပေမယ်
ရသတစ်ခုတော့ ရခဲ့ပေါ့
မျဉ်းပြိုင်ဆိုတာ
မဆုံနိုင်ဘူးဆိုကြပေမယ့်
အလွမ်းရဲ့တစ်ထောင့်တစ်နေရာမှာတော့
ဆုံမှတ်ရှိနိုင်မယ်ထင်ပါတယ်
ခုတော့……ငါ
ဂစ်တာတစ်လက်
ကော်ဖီတစ်ခွက်
မင်းပေးခဲ့တဲ့
အလွမ်းတစ်ချို့ တစ်ဝက်နဲ့
အရောင်အဆင်းကင်းတဲ့
ချစ်ခြင်းတွေကို
ငါ
ဆက်လက်ပုံဖော်နေစဲ ပါပဲလေ………….။

Wednesday, October 26, 2011

ကကြိုးဆရာ ကြိုးရှုပ်ခြင်း

ဘ၀ဆိုတာ
အိပ်မက်အသေတွေနဲ့
လက်ပွန်းတတီး
အမြဲနေရမှာမှမဟုတ်တာပဲ
ငါ ကြိုးဆွဲခဲ့တယ်ဆိုတာလဲ
မင်းကို တွယ်ငြိဖို့ပါပဲ
ဘာပဲဖြစ်ဖြစ်
လင်လိုချင်တဲ့ကြောင်မက
ပန်းရတယ်တဲ့
ငါလဲ မင်းကို ……….
ရုပ်သေးဆရာလို
ကိုယ်လိုရာကိုယ်ဆွဲ ကလို့
ရမယ်ဆိုရင်တော့
မင်းကို ငါ့အနားထားတဲ့
ကကြိုးကိုပဲ ကမိလိမ့်မယ်ထင်တာပဲလေ
တရား၏မတရား၏တော့
ငါမသိ
ဖြစ်နိုင်မယ်ဆိုရင်တော့
မင်းဘေးကကောင်ကလေးတွေကိုတော့
ငါ ဦးကျောက်လုံး လုပ်ပစ်ချင်တယ်
တကယ်တော့ ဒါဟာရင်ဖွင့်စာ
တစ်ဖြစ်လဲ ကဗျာတစ်ပုဒ်ဖြစ်ခဲ့ပေါ့
အဲ့အတွက် ကုန်ကြမ်း
တစ်ချို့တ၀က်ကို
ကောင်မလေး မင်းဆီက အနည်းငယ်
ငါ့ ဆီက ရင်ခုန်သံ
များများနဲ့ ငါ
တခုတ်တရ ဖန်တီးခဲ့တာပါ
သံဆူးကြိုးတော့ မဟုတ်
ဆူးလှည်းတစ်စီးလိုပေါ့………….။

                                                          မုတ်သုံ

ကြည်နူးပီတီ ဂွမ်းဆီထိသို့

သယ်ရင်းတစ်ယောက်ပို့ပေးတဲ့ ကဗျာလေးပါ လေ့လာသင်ယူခဲ့ရတဲ့ ကဗျာလေးမို့ တင်ပေးလိုက်ပါတယ်


ကိုသားကြီးရေးခဲ့တဲ့ ကဗျာတစ်ပုဒ်

ကျေနပ်လိုက်
သိတတ်လိုက်တာကိုက
ကိုယ့်အမှား.......
တကယ်တမ်းကျတော့
သေပြီးသားမြေကြီးပေါ်
အပင်ကိုပျိုးခဲ့မိတာ
နာရီလက်တံတွေဟာ
သိပ်သနားစရာကောင်းတယ်
နောက်ပြန်ရစ်ကြည့်လိုက်
ပွေ့ပိုက်ထားတဲ့
ကျေးဇူးတရားမှန်သမျှဟာ
အစထဲက
ခေါင်းပုံဖြတ်ပြီးသား
ယုံ   လို့   ပုံအပ်လိုက်တာ
ထိခိုက်သွားတော့မှ
နောက်ကြည့်မှန် မသုံးတတ်မှန်းသိတာ
ကိုယ်ကိုယ်တိုင်က ညံ့တာ
နောက်တစ်ခါထပ်
ပြောပြလိုက်မယ်
ကျေနပ်လိုက်ပါ
သိတတ်လိုက်တာကိုက
ကိုယ့်အမှား...........
                             
      ဒွေး။

Tuesday, October 25, 2011

လေးလုံးစပ်မော်ဒန်နဲ့ အသည်းကွဲခြင်း

မျှော်လင့်ရင်းနဲ့ဝေး
ကြွေလွင့်ရင်းနဲ့ဆွေး
မနေတတ်ပေမယ့်
ဖြေတတ်ပါရစေ....။
ဘောပင်လေးကိုကိုင်
အလွမ်းစာတွေရေး
မင်းကိုတမ်းတ
မှောင်မိုက်နေသမျှ
အဲဒါ ငါ့ရဲ့ ညပေါ့....။

တမ်းတမ်း တတ
နွမ်းလျ ရင်ထဲ
အားငယ်၍လည်း
ငိုဖူးခဲ့တယ်
နင်စေရင်သွား
လိုလျှင် ခစား
သခင့် စကား
ငါ့ရဲ့ အားပါ
အဝေးရောက်နေ
သောကဝေစဉ်
ရင်လှိုင်းခတ်သံ
တိုးတိတ်မျှော်သည်
ဆိုင်သူသိစေ
တောင်းဆုခြွေရင်း
ရာသီစက်ဝန်း
ပြောင်းခဲ့ပြီလေ။။။။

ကောင်မလေးရေ
အချစ်တစ်ခုဖြစ်တည်ဖို့အတွက်
ငါ နှလုံးသား တစ်ခုလုံး
ကိုရင်းနှီးလိုက်ရတာပါ
မင်းရဲ့သာယာတဲ့
လေပြေနဲ့တူတဲ့ ရယ်သံလေးတွေကြား
ခပ်ညံညံ ငါ
လမ်းတွေပျောက်ခဲ့ပေါ့
ဖြစ်နိုင်မယ်ဆိုရင်တော့
မင်းရဲ့ အပြုံးအောက်မှာ
ငါ ဒူးထောက်ခစားပါရစေ
ငါ့ ရဲ့ အတိတ်မှာ
ကြမ်းတမ်းတဲ့ အမာရွတ်တစ်ချို့
ရှိနေပေမယ့်
ငါ မင်းကို ရူးသွပ်ပါတယ်
ဘာပဲဖြစ်ဖြစ်
တည်နေရာတွေ
အချိန်တွေ
နင် သိစရာမလိုပါဘူး
နင် သိဖို့ လိုတာက
ခပ်ညံညံ ဂျစ်ပစီ
တစ်ယောက်ရဲ့ရင်ဘတ်ထဲမှာ
မင်းက ဘုရင်မ ဆိုတာပါပဲ……………….။


နိုးနိုးဝီရစ်မုတ်သုံ
ရောသမမွှေထားသည်

မသိစိတ်ကို ကြောက်တဲ့ တေလေ



ခပ်ပေါပေါ အချစ်တွေနဲ့
ငါ့ နှလုံးသားကို
ပုံလာမသွင်းစမ်းပါနဲ့
တကယ်တော့ ငါ့ အတွက်
အချစ်ဆိုတာ
ဘောင်းဘီဝတ်ရတာလောက်
သက်တောင့်သက်သာမရှိလို့ပါ
ဒီပုံစံအတိုင်းနဲ့
ငါ မာတုဂါမလေးတွေကို
ဖြားယောင်းခဲ့ဘူး ပြီးသားလေ
အဲ့အတွက်လဲ
ငါ ကိုယ့်ခြံကိုယ်လုံအောင်ခတ်ထားတယ်
လိုသလိုပုံသွင်းလို့ရမယ်လို့တော့
မထင်လိုက်နဲ့လေ
အဲ့လောက်တော့ အညှာမလွယ်သေးပါဘူး
ဒါပေမယ့် သံဆူးကြိုး
တစ်ချောင်းလို အရာရာကို
တွယ်ငြိတတ်ဖို့ ၀န်မလေးတတ်ပေမယ့်
စစ်မှန်တဲ့ချစ်ခြင်းအောက်
ဒူးထောက်ရမှာတော့
ဒီတေလေက
ကြောက်တတ်သေးတယ်……..။

                                                          မုတ်သုံ