Tuesday, March 27, 2012

သစ္စာပျက်တဲ့ည



သစ္စာတဲ့လား
ဘယ်လောက်များ တည်မြဲ လိုက်သလဲ
ညဉ့် ငှက်တစ်ကောင်
သီကြူးတဲ့တေးတစ်ပုဒ်ပါပဲ
စေလိုရာစေခိုင်း ပြီး
အသုံးမလိုတဲ့ အခါ
လွှင့်ပစ်လိုက်တဲ့ အချစ်တဲ့လား
ယုံကြည်ရာတွေကို
ပစ်ချခဲ့ရတဲ့နောက်
အိပ်မက်မက်ဖို့တောင် အင်အားတွေမဲ့လို့….
ဒီလိုနဲ့ ရင်ဘတ်ထဲမှာ
အရုပ်တစ်ရုပ်ထိုးဖြစ်ခဲ့တယ်
ဆေးဖိုး တွေ စက်ဖိုးတွေထက်
ဒဏ်ရာတွေနဲ့ ထိုးတဲ့ အရုပ်တစ်ရုပ်ပါ
သိုဝှက်တတ်တဲ့ စိတ်တွေကို
ဖတ်တတ်ပါတယ်ဆိုခဲ့တဲ့
မျက်ဝန်း………
ခုတော့လဲ နှုတ်ဆက်လိုက်ပြီလေ
အသည်းကွဲခြင်းဆိုတဲ့ စာသား
ငါ့ အဘိဒါန်ထဲ ထပ်တိုးခဲ့တာက လွဲပြီး
ဘာမှ မကျန်တော့ပါလား
Namesis ရယ်…………။
တကယ်တော့ ……………။

မုတ်သုံ

လူအသီအိုရီ



လူအတစ်ယောက်အတွက်
ခက်ခဲလွန်းတဲ့
မြို့ပြသီအိုရီ…..

ဆန္ဒတွေမိုးမှောင်ကျတဲ့နေ့ကပေါ့

နောင်တဆိုတာလဲ နောက်ကျတတ်တယ်လား
ဝတ်ရည်နဲ့မှ အသက်ဆက်မယ့်
လိပ်ပြာတစ်ကောင်
ပျံသန်းခြင်းအတောင်ပံတွေမဲ့လို့

အရူးတစ်ကောင်ရဲ့ အိပ်မက်ကို
ပိုင်ဆိုင်ထားတဲ့
မြစိမ်းရောင် ကဝေမလေးရေ
သတိမမူ ဂူမမြင်ခဲ့တာ ငါပါ

ဒီလိုနဲ့

လူအတစ်ယောက်အတွက်
ခက်ခဲလွန်းတဲ့
မြို့ပြသီအိုရီ…..တစ်ခုမှာ
ဆန္ဒတွေ မိုးမှောင်ကျ ခဲ့တယ်……..။

မိုးပြေး

ပျော်ရွှင်ခြင်းသုသာန်



မာကျုရီညတွေနဲ့
လမ်းလျှောက်ထွက်ခဲ့ခြင်းလို့
အမည်တပ်လို့ ရမဲ့
ခံစားချက်တစ်ချို့
ဒီနေရာလေးမှာ ၀ဲနေတယ်

တိတ်ဆိတ်နေတဲ့
ခြေသံတွေကြားမှာ
အသီနာ ရဲ့ မျှော်လင့် ခြင်းဆိုတာ
မှော်သစ်သီးတစ်လုံးဖြစ်ခဲ့တယ်

လမင်းလမ်းချိုးလို့ခေါ်တဲ့
၃၃ လမ်းထိပ်က
ဘုံဆိုင်လေးမှာ
ဒီအချိန် ပစ္စည်းမဲ့ မာနတွေနဲ့
လောင်ကျွမ်းနေလိမ့်မယ်

Electronic ပစ္စည်းတွေ
ဈေးလျော့ပေးတဲ့ နေရာမှာ
မြေခွေးတွေ အသာငမ်းငမ်းနဲ့
ထောင်ချောက်မိနေကြတယ်

လမ်းလျှောက်ထွက်လာတဲ့ကဗျာဆရာ
အရှုံးဆိုတာ ပြိုင်ပွဲတစ်ခုလားလို့
တီးတိုးရွတ်ဆိုရင်း အိပ်ပျော်နေတယ်

နိုင်ငံတကာအရေးကို
စိတ်ဝင်စားတဲ့ အဘိုးကြီးကတော့
အီရန် အစ္စရေးအကြောင်းအရာကြား
ခေါင်းမြုပ်လို့

မျက်နှာဖုံးစွပ်
ဒီမိုကရေစီအကြောင်းပြောမဲ့
သူတွေလဲ များတယ်

အခြားတစ်ဖက်မှာ
ပူဆွေးမှုနဲ့ ပျော်ဝင်နေတဲ့
ပန်းနုရောင် ရင်ဘတ်တစ်ခု

အထင်ကရနေရာတွေမှာ
မာဆက် ကေတီဗီဆိုတာတွေ
ရှိတယ်(အခြေခံ လူတန်းစားမပါ)

ဧည်ခံပွဲတွေ လုပ်တတ်တဲ့ နေရာ
အချိန်ကန့်သတ်ချက်တစ်ခုကြား
လူကုံထံ သားသမီးတွေ အတွက်
အပေးအကမ်းရက်ရောတဲ့
နေရာပေါ့

အခြားတစ်ဖက်မှာ
မနက်စာအတွက် ရင်ခုန်နေတဲ့
မျှော်လင့်ချက် ခပ်နွမ်းနွမ်းရှိနေတယ်

ဝါဿနာရှိပေမယ့်
ဇာတာမကောင်းလို့
လွှင့်ပစ်လိုက်ရတဲ့
ဂစ်တာတစ်လက်ကတော့
မှေးမှိန်လို့

ဒီလိုနဲ့
ပျော်ရွှင်ခြင်းသုသာန်
တစ်ခုကတော့
ငြိမ်သက်လို့

ဒါဟာ
ပျော်ရွှင်ခြင်း
ဆင်ဖိုနီတစ်ခုဖြစ်မယ်ထင်ရဲ့

မုတ်သုံ