Tuesday, March 27, 2012

ပျော်ရွှင်ခြင်းသုသာန်



မာကျုရီညတွေနဲ့
လမ်းလျှောက်ထွက်ခဲ့ခြင်းလို့
အမည်တပ်လို့ ရမဲ့
ခံစားချက်တစ်ချို့
ဒီနေရာလေးမှာ ၀ဲနေတယ်

တိတ်ဆိတ်နေတဲ့
ခြေသံတွေကြားမှာ
အသီနာ ရဲ့ မျှော်လင့် ခြင်းဆိုတာ
မှော်သစ်သီးတစ်လုံးဖြစ်ခဲ့တယ်

လမင်းလမ်းချိုးလို့ခေါ်တဲ့
၃၃ လမ်းထိပ်က
ဘုံဆိုင်လေးမှာ
ဒီအချိန် ပစ္စည်းမဲ့ မာနတွေနဲ့
လောင်ကျွမ်းနေလိမ့်မယ်

Electronic ပစ္စည်းတွေ
ဈေးလျော့ပေးတဲ့ နေရာမှာ
မြေခွေးတွေ အသာငမ်းငမ်းနဲ့
ထောင်ချောက်မိနေကြတယ်

လမ်းလျှောက်ထွက်လာတဲ့ကဗျာဆရာ
အရှုံးဆိုတာ ပြိုင်ပွဲတစ်ခုလားလို့
တီးတိုးရွတ်ဆိုရင်း အိပ်ပျော်နေတယ်

နိုင်ငံတကာအရေးကို
စိတ်ဝင်စားတဲ့ အဘိုးကြီးကတော့
အီရန် အစ္စရေးအကြောင်းအရာကြား
ခေါင်းမြုပ်လို့

မျက်နှာဖုံးစွပ်
ဒီမိုကရေစီအကြောင်းပြောမဲ့
သူတွေလဲ များတယ်

အခြားတစ်ဖက်မှာ
ပူဆွေးမှုနဲ့ ပျော်ဝင်နေတဲ့
ပန်းနုရောင် ရင်ဘတ်တစ်ခု

အထင်ကရနေရာတွေမှာ
မာဆက် ကေတီဗီဆိုတာတွေ
ရှိတယ်(အခြေခံ လူတန်းစားမပါ)

ဧည်ခံပွဲတွေ လုပ်တတ်တဲ့ နေရာ
အချိန်ကန့်သတ်ချက်တစ်ခုကြား
လူကုံထံ သားသမီးတွေ အတွက်
အပေးအကမ်းရက်ရောတဲ့
နေရာပေါ့

အခြားတစ်ဖက်မှာ
မနက်စာအတွက် ရင်ခုန်နေတဲ့
မျှော်လင့်ချက် ခပ်နွမ်းနွမ်းရှိနေတယ်

ဝါဿနာရှိပေမယ့်
ဇာတာမကောင်းလို့
လွှင့်ပစ်လိုက်ရတဲ့
ဂစ်တာတစ်လက်ကတော့
မှေးမှိန်လို့

ဒီလိုနဲ့
ပျော်ရွှင်ခြင်းသုသာန်
တစ်ခုကတော့
ငြိမ်သက်လို့

ဒါဟာ
ပျော်ရွှင်ခြင်း
ဆင်ဖိုနီတစ်ခုဖြစ်မယ်ထင်ရဲ့

မုတ်သုံ

No comments:

Post a Comment