Thursday, July 4, 2013

***** ကျမက မိန်းမ တစ်ယောက်ပါ *****



ကျမက မိန်းမ တစ်ယောက်ပါ---
ကျမ ရဲ့ အပြုံးမှာ
ကာလာစုံ သုံးထားပေမယ့်
နှလုံးသားမှာ အဖြူရောင်
အလွှာပါးလေး တစ်ခု တော့
လိုရမယ်ရ ခြုံထားတယ်။

်ကျမက မိန်းမ တစ်ယောက်ပါ---
ကျမ ဘဝ လုံခြုံ လှပဖို့အတွက်
ကျမရဲ့ သိက္ခာကို
မာနသုံးပြီး
အလှပဆုံး ဘောင်သွင်းထားတယ်။

ကျမက မိန်းမ တစ်ယောက်ပါ---
ကျမ ပတ်ဝန်းကျင်ကို
လက်လှမ်းမှီသလောက်
အရောင်မဆိုးတဲ့ ခင်မင်မှု နဲ့ အဖြူရောင် မေတ္တာတွေ
ပုံအောပြီး ပေးထားတယ်။

ကျမက မိန်းမ တစ်ယောက်ပါ---
ဒါပေမဲ့ တစ်ခါတစ်လေ
ကျမရဲ့ နူးညံ့မှုကို
ကျမရဲ့ လွတ်လပ်ပျော်ရွှင်မှုနဲ့
တိတ်တဆိတ် ဖုံးအုပ်လိုက်တယ်။

ကျမက မိန်းမ တစ်ယောက်ပါ---
ကျမပေးတဲ့ အရောင်မဲ့ ဆက်ဆံမှုကို
မာယာရဲ့ ခေါင်းစဉ်အောက်
ခေါ်သွင်းချင်တယ်လား???
နားလိုက်ပါ
ကျမက မာယာကို
ပစ်ပစ်ခါခါ ကျောခိုင်းထားတယ်။

ကျမက မိန်းမ တစ်ယောက်ပါ---
လိုအပ်ရင်
ကျမက မျက်ရည်ကို ရင်း
မာယာ လက်နက်ခင်းတဲ့
အနက်ရောင် နှင်းဆီ တစ်ပွင့်လည်းဖြစ်နေတတ်တယ်။

ဒါပေမယ့်
ကျမက မိန်းမ တစ်ယောက်ပါ-----။

ဝသုန်

(03-Jul-2013)

No comments:

Post a Comment