Thursday, November 3, 2011

နောက်ထပ်တစ်ကြိမ်

 



ဖြူဖျော့ဖျော့
စာရွက်ပေါ်မှာ
မှုန်ဝါးဝါးခံစားချက်တွေနဲ့
အတိတ်တစ်ခုကို
ငါ စိုက်ပျိုးထားတယ်
ပစ်ချခံခဲ့ရတဲ့
သဲထဲရေသွန်သလို
အချစ်တွေတနင့်တပိုးနဲ့
မျှော်လင့်ချက်တစ်ခုကတော့
အခန်းထောင့်မှာ ငြိမ်သက်လို့….
တိတ်တဆိတ်နဲ့
လက်ပြနှုတ်ဆက်သွားတဲ့
ပျော်ရွှင်ခြင်း…….
အဲ့ဒီနောက်တော့
ဘာမှမရှိတဲ့ ငါ့ ဆီမှာ
ဘာမှ မကျန်ရစ်ခဲ့ပါဘူး
တွေ့ဆုံ၊ ခွဲခွာ ၊ ၀မ်းနည်း ၊ ပျော်ရွှင်
ပျော်ရွှင်၊ ၀မ်းနည်း ၊ခွဲခွာ၊ တွေ့ဆုံ ဖို့
နောက်ထပ်ရှိနေသေးလို့
မနက်ဖြန် အတွက်
ငါ
ဆက်အိပ်လိုက်ဦးမယ်…….။


                                                မုတ်သုံ

ပယင်းရောင်ကောင်မလေးနဲ့တညတာ



ဆေးရောင်စုံတွေနဲ့
လှချင်တိုင်းလှနေတဲ့
ပယင်းရောင်ကောင်မလေးရေ
ဘ၀ဆန်ဖို့ အတွက်
ဂတိတွေမလိုပါဘူး
ဒဏ်ရာအထပ်ထပ်နဲ့
ငါ့ ရင်ဘတ်နွမ်းလျနေလဲ
တောင့်တမိတာက
မင်းရဲ့မုသားဆန်တဲ့ အနမ်း
ဘာပဲဖြစ်ဖြစ်
Major scale ထက်စွမ်းတဲ့
မင်းရဲ့ ညို့ချက်ထဲ
တေလေဆိုတဲ့ငါ
အလဲလဲ ကွဲပေါ့
ပယင်းရောင်ကောင်မလေးရဲ့
ပြင်းရှရှ အနမ်း
ဒီကောင် အတွက်တော့
ဒဏ်ရာမဟုတ်ပေမယ့်
တစုံတစ်ခု အတွက်တော့
စိုးရွံ့ခဲ့ပေါ့..
မိုးသောက်တော့မယ်
ကောင်မလေး
နံရံတစ်ချပ်ပဲခြားခဲ့တဲ့
မနေ့ ညကလို
မင်းသာယာနိုင်ပါ့မလား………။


                                                မုတ်သုံ


Wednesday, November 2, 2011

စံပါယ်တင် အမုန်း



ပျော်ပါစေဆိုပေမယ့်
ငါမပျော်နိုင်ပါဘူး
စံပါယ်တင်မှဲ့နဲ့
လူသတ်တတ်တဲ့
မရဏဖွားမလေးရေ
လေပြေတစ်ခုကစရင်
မုန်တိုင်းဖြစ်စေတယ်လေ
မင်းရဲ့ မုသားဆန်တဲ့
မာယာအကြည့်အောက်
ငါ လမ်းပျောက်လုပေါ့
ရှိစေတော့
ဖြည့် စွက် ပစ္စည်းတွေနဲ့
ငါ ရင်မခုန်ချင်တော့လို့ပါ
နောက်ဆုံးဖြစ်မှာမို့
မစတင်တော့ပါဘူး
နတ်ဆိုးတစ်ကောင်လို
ဆိုးသွမ်းတဲ့ ငါ့ရဲ့…စိတ်
ဘာမှန်းမသိပဲ ပြောင်းလဲခဲ့ပေါ့
အတွေးထဲဆူးတဲ့
စံပါယ်တင် အမုန်း
ဘယ်တော့ အသစ်ဖြစ်နိုင်မလဲ
ဒါကြောင့်
ငါ ……….
မင်းရဲ့ အမုန်းနဲ့ ရှေ့ကိုတိုး
ဒီဘ၀ထဲ
မာယာဆန်ဆန်
ခရီးသွားလိုက်မယ်…………….။

                                                မုတ်သုံ


Friday, October 28, 2011

တေလေတစ်ကောင်ရဲ့ မိုးလေ၀သ



သူပိုင်တဲ့ ကမ္ဘာလေးက
တကယ်တော့ ကျဉ်းကျဉ်းလေးပါ
ဂစ်တာတစ်လက်ရယ်
တ၀က်တစ်ပျက် ရေးလက်စ
သံစဉ်အပိုင်းတစ်စတစ်ချို့ရယ်
အရက်ခွက်တစ်ချို့
Wanted ရဲ့ အခွေကာဗာတို့ က
အနုပညာဆန်ဆန် ပျံ့ကျဲလို့
အဲ့လိုနဲ့ ငြီးငွေ့ဖွယ်
လူနေမှုကနေ သူခဏပြေးထွက်လိုက်တယ်
ဟုတ်တယ်လေ
ဟုတ်ကဲ့လိုပြောတတ်တိုင်း
လူယဉ်ကျေးမှမဟုတ်တာ
အဲ့လိုနဲ့ မှုန်ပြပြအခန်းထဲ က ထွက်လိုက်တော့
ဇာတ်လမ်းဆန်ဆန် တွေ့လိုက်ရတာကတော့
နှုတ်ခမ်းဆေးမဆိုးတတ်တဲ့
မရဏဖွားမလေးပါပဲ
ဆံပင်ကပိုကရိုနဲ့ နှုတ်ခမ်းဆေးမဆိုးထားတဲ့
ပုံလေးကြောင့်
တေလေကနေ ကမ္ဘာဦးလူသားဖြစ်သွားပေါ့
နောက်တော့
ခွဲခွာနှုတ်ဆက်ဖို့ အသင့် အနေအထားပါပဲ
အဲ့ဒါကြောင့်
လောကဓံတရား ၈ ပါးကို
နောက် တစ်ပါး ထပ်တိုးရင်
အဲ့ဒါ ငါကလွဲပြီး
ဘယ်သူဖြစ်နိုင်ဦးမလဲလေ……………။


                                                မုတ်သုံ